Thursday, July 24, 2014

ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြု လက်မှတ်ပေါင်း ၁၀ သန်းနီးပါး ရပြီလို့ NLD ပြောကြား

RFA - 2014-07-23

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေသူတွေကို တွေ့ရစဉ် (Photo: Kyaw Myo Tun/RFA)
အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုကြတဲ့ ပြည်သူလူထု လက်မှတ်ပေါင်း ၁၀ သန်းနီးပါး ရရှိမယ်လို့ ခန့်မှန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

အခုချိန်မှာတော့ တနိုင်ငံလုံး ရရှိတဲ့ လက်မှတ်စာရင်းတွေကို ရေတွက်နေဆဲဖြစ်တဲ့အတွက် ခန့်မှန်းခြေသာ ပြောလို့ရသေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့တွေ အခုမှ ရေနေရတယ်လေ၊ အခုမှရောက် လာကြတာလေ၊ နောက်ရက်တွေလည်း လာဦးမှာ အတိအကျတော့ မပြောနိုင်ဘူး၊ ကျနော့် ခန့်မှန်းချက်ကတော့ အနည်းဆုံး ၁၀ သန်းလောက်တော့ မှန်းတယ်"

မေလက စတင်ခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နိုင်ငံအနှံ့ လက်မှတ်ကောက်ယူစုဆောင်းတာကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့က အဆုံးသတ်ခဲ့တာပါ။

ရရှိတဲ့ လက်မှတ်အရေအတွက်ကို အတိအကျ ထုတ်ပြန်နိုင်ဖို့ သတင်းတပတ်ကျော်လောက် ကြာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ စာရင်းချုပ်ပြီးတဲ့အခါမှာလည်း အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူသိအောင် ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂၊ ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ ပုဒ်မပေါင်း ၉၀ လောက်ကို ပြင်ဆင်မယ်ဆိုရင်၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံချက်ရှိမှ ပြင်ဆင်ခွင့်ရှိမှာဖြစ်သလို အဲ့ဒီလို ပြင်ဆင်လိုက်တဲ့ ဥပဒေကိုလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲဆန္ဒရှင်ရာခိုင်နှုန်း ထက်ဝက်ကျော် သဘောတူမှ ပြင်ဆင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

No comments: