Sunday, September 21, 2014

ပီပီပြင်ပြင်အာတဲ့ ပီအာ၊ နောက်မြီးဆွဲပါတီ၊ ဝေလေလေအင်အားစုနှင့် ခါတော်မီဗန္ဓ္ဓုလများ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ကိုယ့်တိုင်းပြည်သတင်း ကိုယ့်လူမျိုးတွေသတင်းတွေ ကြားလိုက်တိုင်း စိတ်တော်တော်ညှိုးရလွန်းလှချည်ရဲ့။ ကိုရီးယားပိုင် ဖိနပ်စက်ရုံက အလုပ်သမားတွေကိစ္စ၊ ကျောင်းသူမလေးကို ၀မ်ပေါင်ကုမ္မဏီက တရုတ်နိုင်ငံသားနှစ်ဦး ပြန်ပေးဆွဲမှုနဲ့ ဖမ်းသတဲ့၊ ဘယ့်နှယ် ဟောင်ကောင်ကားတွေထဲက ဂျက်မများ ထင်လို့လားမသိ။ ဒီကျောင်းသူမလေးကို ဖမ်းတာကလည်း ဗ.က.သ အဖွဲ့ဝင်ဖြစ်လို့၊ လက်ပတောင်းဒေသက ပြည်သူလူထုတွေဘက်က ရပ်တည်လို့၊ လယ်တီသိမ်တော်ကြီးကို ကာကွယ်ချင်လို့၊ အမျိုးသားအမွေအနှစ်၊ အမျိုးဘာသာသာသနာနဲ့ ကိုယ့်အမျိုးကိုယ်ချစ်ပြီး ကိုယ့်ပြည်သူလူထုဘက်က သတ္တိရှိရှိ ရပ်တည်ရဲလို့ ...၊ အဲဒီတော့ ဘာဖြစ်တုန်း။ ဖမ်းသပေါ့။

ထွန်တုံးတိုက်ပွဲတွေ၊ လယ်မြေပေါ် မြန်မာ့တပ်မတော်ကြီးက ရဲရဲတောက် တပ်မတော်သားတွေ တင့်ကားကြီးတွေ ဖြတ်မောင်းပြီး ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်နဲ့ ပဲခင်းတွေကို အမြစ်ပြတ်ခြေမှုန်းတာတွေ၊ ၄၃၆ ပြင်ရေးလှုပ်ရှားမှုတွေ၊ ပီအာစနစ်ဆန့်ကျင်ရေးတွေ။ လယ်သိမ်း၊ မြေသိမ်း၊ မြို့သစ်တည်ဆောက်ရေး၊ မိုးပျံရထားလမ်းဖောက်လုပ်ရေး၊ ဆက်လက်နှေးကွေးနေဆဲ အင်တာနက်၊ ရေကြီးတာတွေ ဆည်ကျိုးတာတွေ၊ ပြည်သူလူထုဘက်က ရပ်တည်သူတွေ နစ်နာသူလယ်သမား၊ အလုပ်သမားတွေဘက်က ရပ်တည်သူတွေကို ဖမ်းတာဆီးတာတွေ ဒီကြားထဲ ဟိုမင်းကြီး၊ ဒီမင်းကြီး ၀င်စားတယ်ဆိုတဲ့ လောဘကြီးတဲ့ ပေါတာကြီးနဲ့ အတင်းခေါင်းလောင်းဖော်မယ် တကဲကဲလုပ်ပြီး နဂါးတွေနဲ့ ဖိုက်တင်ပေးနေတဲ့ နဂါးနိုင်ခေါင်းလောင်းဘိုးတော်နဲ့ ယုံကြည်သူအစုအဖွဲ့တွေ၊ ရယ်ရမှာလား ငိုရမှာလား မပုတုရယ် လို့တောင် ညည်းရမလို ...။

ပီပီပြင်ပြင်အာတဲ့ ပီအာ

ဒီတော့ အဲဒီ နေ့တဓူဝဖြစ်ပျက်နေတဲ့ ယိုယွင်းမှုတွထဲက ဆွဲထုတ်ပြီး ပထမဆုံး တွေးမိတာက ပီအာစနစ်နဲ့ ပတ်သက်တာပါ။ အခြေခံအားဖြင့် ပီအာစနစ်က သူ့ချည်ပဲဆို ကောင်းပါတယ်။ ပီအာစနစ်နဲ့ ပတ်သက်လို့ ဆန့်ကျင်စရာမရှိပါဘူး။ ဆန့်ကျင်စရာရှိနေတာကတော့ ၂၀၀၈ အခြေခံဥပဒေတခုလုံးကိုပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဆလိုင်းငုံကုန်းလှန်တို့ The Voice မှာ cherry-pick ပြောသွားတာ၊ ပီအာစနစ်ဆိုတာကို ရောင်းသွားတာ ဖတ်လိုက်ရတော့ ပြုံးမိပါတယ်။

သူက ပြောသွားတဲ့အထဲက တပိုဒ်မှာကတော့ "ပခုက္ကူမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပီအာစနစ်ကိစ္စနဲ့ ပတ်သက်ပြီး မေးတဲ့ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုတဲ့ အသံဖိုင်တွဲကို ကျွန်တော် လေ့လာသုံးသပ်ခဲ့ပါတယ်။ ကျွန်တော် ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မသဲမကွဲ ဖြစ်နေတယ်လို့ ယူဆပါတယ်။ ပီအာဆိုတာ အဖြူမှန်း မသိ၊ အမည်းမှန်း မသိသေးတဲ့ ပြည်သူတွေကို လက်ထဲလွှဲချလိုက်တာနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာ ပြီးသွားမှာ မဟုတ်ပါဘူး။ တဖက်မှာလည်း သူမက မကြိုက်တဲ့ဘက်ကနေ ပြောသွားတော့ သူ့ကို ယုံကြည်အားကိုးမျှော်လင့်နေတဲ့ လူတွေတချို့က ပီအာစနစ်အကြောင်း ဂဃနဏ မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စိတ်ချတဲ့အတွက် ပီအာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတယ်လို့ပဲ သုံးသပ်ပါတယ်။ ကျွန်တော် မှားနိုင်ပါတယ်။"

ကိုယ့်ဆရာက ပညာတတ်ဉာဉ်လေးနဲ့ သူ့စကားကို ပိတ်သွားတယ်။ သူနဲ့ The Voice ရဲ့ အင်တာဗျူးကို ကျကျနန သုံးသပ်ရင်၊ သူ ပြောချင်တဲ့အချက်တွေရဲ့ အဓိပ္ပာယ်အနှစ်ချုပ်ကို ကောက်ချက်ဆွဲရင် ၄၃၆ လှုပ်ရှားမှုနဲ့ ပီအာဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူများ၊ ဦးဆောင်ဦးရွက်ပြုသူများဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င်ဟာ (၁) ပီအာစနစ်ဆိုတာ ဘာမှန်းတောင် သေချာသိပုံမပေါက်ဘူး ဆိုတာရယ်၊ (၂) ၂၀၀၈ နာဂစ်အခြေခံဥပဒေကို ဖတ်တောင် ဖတ်ဖူးကြရဲ့လားဆိုတာရယ်၊ (၃) သူ့စကားကို back up လုပ်မယ့် Data တွေကို ကိန်းဂဏန်းနဲ့ ရာခိုင်နှုန်းတွေနဲ့ ခိုင်အောင် ဆွဲယူသွားတာနဲ့ (၄) ပီအာကို လုပ်ကို လုပ်မှဆိုတာပါပဲ။

ဒီတော့ ဒီပုဂ္ဂိုလ်အခင်းအကျင်းနဲ့ အချိန်ကာလကို မေ့နေတာမဟုတ်တာကတော့ ကျိန်းသေပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့၊ စစ်ဗိုလ် ၂၅ % အချိန်ပြည့် ထိုင်အိပ်ငိုက်ခွင့်ရှိနေတဲ့ လွှတ်တော်တရပ်နဲ့ တိုင်းပြည်မှာ ပီအာကျင့်သုံးရုံမကလို့ utopia ပဲ တည်ဆောက်မယ် ကြွေးကြော် ကြွေးကြော် End result က ပြည်သူလူထု ဆက်မွဲမြဲမွဲမယ်၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ အပါအ၀င် နိုင်ငံ့ဝန်ထမ်းတွေ လူမွေးလူတောင်မပြောင် ဆက်ဖြစ်မယ်၊ တိုင်းရင်းသားတွေ အမြဲ တဖက်စောင်းနင်း ဆက်ဆံခံရမယ်၊ စစ်မှန်တဲ့ national reconciliation ကင်းမဲ့နေမယ်၊ နိုင်ငံခြားသားတွေ တိုင်းပြည်က ရှိသမျှ မြေပေါ်မြေအောက်သယံဇာတအပြင် လူသားအရင်းအမြစ်ကိုပါ ယူထုတ်သွားတာတွေ မယားပြုတာတွေ ဆက်ရှိနေမယ် ၊ ကိုယ့်တိုင်းပြည်ထဲမှာကိုယ်နေရင်း တိုင်းခြားသားရဲ့ ကျွန်သာသာ အလုပ်ခွင်ထဲမှာ အလုပ်သမားတွေ ဆက်ရှိနေမယ်။ လုံးဝကို ၂၁ ရာစု မြို့တွေ ရွာတွေနဲ့ မတူလောက်အောင် နိမ့်ကျနေတဲ့ infrastructure ယိုယွင်းနေတဲ့၊ မရှိတဲ့ မြို့ ရွာတွေ ဒီထက်ပိုယိုယွင်းလာမယ်။ ဒါတွေက တိုင်းပြည်ရဲ့ Real and pressing issues တွေပါ။

လောလောဆယ်တိုင်းပြည်မှာ ပြည်တွင်းစစ်ဆက်ဖြစ်နေတယ်၊ မူးယစ်ဆေးထုတ်လုပ် ဖြန့်ဖြူးမှုတွေ အရှိန်နဲ့ဖြစ်နေတယ်။ လူငယ်တွေထဲမှာ မူးယစ်ဆေးသုံးစွဲသူတွေ ဟိုးအရင်ခေတ်တွေကထက် ပိုများလာတယ်။ ဆင်းရဲချမ်းသာကွာဟမှုက ကြောက်ခမန်းလိလိ ဖြစ်နေတယ်။ မြန်မာပြည်မှာ Class နှစ်ခုပဲ ကျန်တဲ့အနေအထားကို ရောက်လာတယ်။ လူလတ်တန်းစားအလွှာ ပျောက်မတတ်ဖြစ်သွားပြီ။ လူမွဲအများစုကြီးနဲ့ အင်မတန် ကျိကျိတက်ချမ်းသာတဲ့ လူနည်းစု ဆိုပြီးဖြစ်သွားပြီ။ ဒီအနေအထားမှာ Full representation ပဲခေါ်ခေါ် Proportional representation ပဲခေါ်ခေါ် အဲဒီစနစ်ရဲ့ beneficiary တွေကတော့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ဆွဲဆန့်နေတဲ့သူတွေပါပဲ။ အဲဒီအတွက် ပီအာဆိုတာကို ဆန့်ကျင်ကြတာဖြစ်တယ်။ တိုင်းပြည်မှာ ပီအာဆိုတာကို လုပ်ရမယ့်ကာလက စစ်ဗိုလ်၂၅% လွှတ်တော်ထဲမှာ လာမငိုက်တော့တဲ့ကာလ၊ ၂၀၀၈ အခြေခံဥပဒေရဲ့ essence ဖြစ်တဲ့ စစ်အာဏာရှင်ကြီးစိုးရေးကို ဖယ်ထုတ်နိုင်မှ ပီအာဆိုတာ လုပ်ရမှာဖြစ်တယ်။ အဲဒီအနေအထားတွေ တစုံလုံးကို မျက်နှာလွှဲပြီး အခု မြန်မာနိုင်ငံလိုတိုင်းပြည်မှာ မကြားဖူးတဲ့ လခတွေ ရထားတဲ့ pseudo-academics တွေထဲက တယောက်ပီသစွာနဲ့ ဒီဆရာသမားက ရပ်တည်ပြောဆိုသွားရဲ့။

နောက်မြီးဆွဲပါတီ

Nonverbal learning disorder (NLD) ကို မဆိုလိုပါဘူး။ လောလောဆယ် အမေရိကား ရောက်နေတဲ့ ဦးဟံသာမြင့်ကို Voice of America မြန်မာပိုင်းအစီအစဉ်က ဗျူးတယ်။ ၄၃၆ ကိစ္စကို ဖြေသွားတယ်။ နောက်တခုကတော့ အင်တာဗျူးမှာ မေးသူနဲ့ ဖြေသူတို့ရဲ့စကားတွေ ….။

ဦးသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံး မေးခွန်းမေးချင်ပါတယ်။ အန်ကယ့်အမြင်ပါပဲ။ အကယ်၍များ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရပါတီက မဲမသမာမူတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီးရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အကယ်၍ မဲမသမာမူတွေ ဖြစ်လာခဲ့ရင် NLD ဘာလုပ်မလဲ။

ဦးဟံသာမြင့် ။ ။ ဒါတွေက ပြောရတာ ခက်တော့ခက်တာပေါ့။ ဖြစ်လာမယ်၊ ဘာဖြစ်မလဲဆိုတာ ပြည်သူလူထုက ရွေးကောက်ပွဲပေါ် ဘယ်လို မြင်သလဲဆိုတာ ပိုအရေးကြီးတယ်။ မသမာမှု တကယ်လုပ်သလား။ လုပ်တာကို အကုန်လုံး ပြည်သူလူထုက ကွင်းကွင်းကြီး မြင်နေရင်တော့ အခြေအနေတမျိုးဖြစ်မှာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ပြည်သူလူထု မြင်တာ မဟုတ်ဘဲနဲ့ တခြားနည်းနဲ့ လုပ်သွားနိုင်ရင်လည်း ပြည်သူလူထုရဲ့ ခံယူချက်က ဒါက တရားတယ်လို့ ယူဆရင်တော့ ကျနော်တို့က ဒါကို လက်ခံရမယ့်သဘောရှိတယ်။

ဆိုတော့ NLD ခေါင်းဆောင်များဟာ historically ကိစ္စတိုင်းလိုလိုမှာ ပြည်သူလူထုခေါင်းပေါ်ပုံချတဲ့ နည်းတခုကိုပဲ ထွက်ပေါက်အဖြစ် အမြဲသုံးတယ်။ ပြည်သူလူထုဆိုတာကို သူတို့လည်း ဦးသိန်းစိန်လိုပဲ လိုရင်တမျိုး မလိုရင်တမျိုး ရှုံ့ချည်နှပ်ချည် NLD …။

တကယ်ပြည်သူလူထုကို ယုံသလား ၊ ပြည်သူလူထုရဲ့အင်အားကို တကယ် ထိထိရောက်ရောက် တိုင်းပြည်ကောင်းအောင် အားကိုးအားထားပြုပြီး ရဲရဲရင့်ရင့် ဘယ်နှစ်ခါ ဦးဆောင်ဦးရွက်ပြုခဲ့သလဲဆိုတာ ပြန်ကြည့်ကြည့်တာနဲ့ စဟေ့ဆိုကတည်းက ဒီနေ့အထိ လွှတ်တော်ထဲ စစ်ဗိုလ်တွေ ငုတ်တုတ်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပစ်ထားခဲ့တာတွေ၊ ၂၆ နှစ်တာကာလလွန်လို့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကြံ့ဖွတ်ရွေးကောက်ပွဲတောင် ၂၀၁၀ မှာ ပြီးခဲ့ပြီ။ တကယ်တော့ NLD ဟာ bloating ဖြစ်နေတဲ့၊ obese ဖြစ်နေတဲ့ အတ္တဘောကြီးဘ၀ကနေ Lean ဖြစ်တဲ့ ပါတီ ပြည်သူလူထုကို ဦးဆောင်မှု တကယ်ပေးနိုင်တဲ့ပါတီ၊ အရေးဆို ရူးချင်ယောင်မဆောင်တဲ့ပါတီ ဖြစ်သင့်ပြီ။ ခုကာလအထိတော့ NLD ဟာ စစ်တပ်နောက်မြီးဆွဲ၊ ကြံ့ဖွတ်နောက်မြီးဆွဲအင်အားစုပဲဖြစ်တယ်။

ရွေးချယ်မှု လေးငါးခုပေးထားတဲ့ အခြေအနေထဲမှာ ပေးထားတဲ့ ရွေးချယ်မှုဆိုတာကိုပဲ ရွေးယူတတ်တဲ့ပါတီ၊ အခြေအနေအခွင့်အခါနဲ့ ရွေးချယ်မှုအသစ်တွေကို ဖန်တီးယူနိုင်တဲ့ပါတီတရပ် မဟုတ်ဘူး။ NLD ဟာ အင်မတန် နှမြောဖို့ကောင်းတဲ့ အင်အားတရပ်၊ ဒီအင်အားစုနောက်ကနေ ပြည်သူလူထုတရပ်လုံးက ယုံယုံကြည်ကြည်နဲ့ ဦးဆောင်မှုခံယူဖို့ အမြဲ အသင့်၊ အဲဒီအခြေအနေတွေကို ငဲ့ညှာပြီး NLD အနေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ချဉ်းကပ်အဖြေရှာ ကူညီသင့်ပြီ။ ပြည်သူ့အတွက် နိုင်ငံရေးဝန်ထုပ်ဝန်ပိုး မဖြစ်သင့်တော့ဘူး။

ဝေလေလေအင်အားစု

ဒါကတော့ ရှစ်ပူးတွေ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို သမိုင်းရေးရာ မောင်ပိုင်စီးပြီး George Soros ရဲ့ ဒူးမနာသားတွေ နေ့ချင်းညချင်း ဖြစ်သွားတဲ့အုပ်စု၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့၊ စာနာပါတယ် သူတို့တွေ အဖွဲ့အစည်းထောင် နိုင်ငံခြားက ပေးတဲ့ငွေနဲ့ တောက်တောက်ပြောင်ပြောင်လေးတွေဖြစ်ပြီး သူတို့ လုပ်ချင်တာကို ထမင်းစားဖို့ မပူရဘဲ လုပ်ခွင့်ရနေတာကို အပြစ်မမြင်ရက်ပါဘူး။ ဘာလို့ဆို ဆရာများက လက်ကြောတင်းကြတဲ့သူတွေကမဟုတ်၊ ဆိုက်ကားနင်းစားဖို့ဆိုတာတောင် ဖြောင့်အောင် နင်းတတ်ကြမယ့်ပုံတွေကမပေါ်။ သူတို့တွေကရော ပြည်သူလူထုကို ဘယ်လို ဦးဆောင်မှုတွေ လောက်လောက်လားလား ပေးနိုင်သလဲ။ ဒီနေ့အထိ တွေ့တာကတော့ ထစ်ကနဲဆို အဆွေးမျက်နှာနဲ့ ကဗျာတွေ ရွတ်မယ်၊ ခိုက်လောက်တဲ့ စာသားတွေကို ဟစ်မယ်၊ မိန့်ခွန်းတွေ ပြောလိုက်တိုင်း၊ ထေ့သလို ငေါ့သလို စောင်းပြောသလိုတွေနဲ့ လူပြိန်းကြိုက် ခနဲ့တဲ့တဲ့ လုပ်မယ်။ လက်ခုပ်သံတွေနဲ့  ပီတိတွေဖြစ်၊ ပွဲပြီးတော့ပြန် ၊ အိမ်ပြန်ရောက်တော့ ပြောခဲ့သည်များသည် ပြောခဲ့သည်များဖြစ်ခဲ့ ဆိုတာနဲ့ပဲ …။

ဆိုးတာကတော့ ဒီအရေးတော်ပုံကြီးထဲမှာ အသက်အရွယ်တူတူ မတူတူ ဖြတ်သန်းမှု တူညီတဲ့ ခေတ်ပြိုင်တွေအပေါ်မှာ ငါတို့က မင်းတို့ထက် ပိုပြီး စွန့်လွှတ်တယ်ကွ။ ငါတို့က ဒီအရေးတော်ပုံကြီးကို ခေါင်းဆောင်ခေါင်းရွက်ပြုခဲ့တာကွ ဆိုတဲ့အချိုးနဲ့ သူတို့ကြည့်လိုက်တော့လည်း သူများ ပေးစာကမ်းစာနဲ့။ ဒီလူတွေလည်း နှမြောဖို့ကောင်းတဲ့လူတွေပါပဲ။ ခုတော့ မြို့ တွေနယ်တွေမှာလည်း ပွင့်လင်းတွေနဲ့၊ ဒါတကယ်တော့ အင်အားစုတရပ်ဖြစ်လာပြီ။ ဒီအင်အားစုတရပ်နဲ့ NLD နဲ့ အခြား ကြံ့ဖွတ်မဟုတ်တဲ့ အင်အားစုတွေနဲ့ လက်တွဲညီညီ ပူးပေါင်းပြီး အခြေအနေတရပ်ကို တိုင်းပြည်ကောင်းကျိုး ရှေးရှုပြီး လက်တွေ့ဖန်တီးသင့်ပြီ။ ၄၃၆ ဖျက်သိမ်းရေးကိစ္စမှာ လက်တွဲသလို အခြေအနေသစ်တရပ် ပေါ်ပေါက်လာနိုင်အောင် လက်တွဲပြီး ပြည်သူလူထုကို ဦးဆောင်မှုပေးသင့်ပြီ။

အဲလိုမှမဟုတ်ရင်တော့ ဝေလီဝေလင်းထိ ဝေလေလေဖြစ်နေတဲ့ မလှုပ်မရှုပ်နဲ့ ဝေလေလေ လူ့အဖွဲ့အစည်းပဲဖြစ်မှာပါ။

ခါတော်မီဗန္ဓ္ဓုလများ

ခုတော့ မြန်မာ့သမိုင်းမှာ မကြုံဖူးလောက်အောင် ထူးထူးကဲကဲ ဗန္ဓ္ဓုလတွေ၊ တိမ်ကြားမင်းခေါင်တွေ ဖလွတ်ဖလွတ်နေအောင် ပေါ်လာပြီ။ ဒါကတော့ ကောင်းတဲ့ကိစ္စပါ။ နောက်ကျပေမယ့် ကောင်းတဲ့ကိစ္စ။ ပြောစမ်း ရေးစမ်း ဖမ်းမယ်၊ ထုမယ်၊ ထောင်းမယ် ဆိုတဲ့အချိန်တုန်းက မျက်နှာချိုသွေးပြီး မြေလျှိုးနေတဲ့သူတွေခုတော့ ပြူးကနဲ ပြဲကနဲ ထွက်လာလိုက်တာ၊ လမိုက်ည လင်းနို့အုပ်လိုပဲ။ ဒါက ကြိုဆိုရမှာဖြစ်လို့ သူရဲကောင်းတွေကို ကြိုဆိုပါတယ်။ ခေတ်အလှည့်အပြောင်းတခုဖြစ်မယ့် အခြေအနေမျိုးမှာသူရဲကောင်းတွေ ချပ်ဝပ်မိန်ညိုတွေ ချွတ်ပြီး ခါးတောင်းကျိုက်နဲ့ ထန်းပင်တက်ချင်ယောင်မဆောင်သွားဖို့ပဲ လိုပါတယ်။ အဲဒီသူရဲကောင်းတွေအားလုံးက ဖောက်ပြန်ရေးသမားတွေထက်၊ ဟိုတုန်းကတော့ နိုင်ငံခြား seminar တွေမှာ အာဘောင်အာရင်းသန်သန်နဲ့ စင်ပေါ်တက် မိုက်ခွက်ကိုင်ပြီး တံတွေးနဲ့ မပက်ရရင်ဖြင့် လူဖြစ်ရှုံးရချည်ရဲ့လို့ ထင်တဲ့၊ ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ တဖက်သတ် အမြဲသတ်မှတ်ပြီး စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ဆိုတာ ပွဲတိုင်း အော်ခဲ့ရင်း နောက်ဆုံးတော့ ကိုယ့်အမြီးကိုယ် ပေါင်ကြားညှပ်ရင်း ကုတ်ချောင်းချောင်းနဲ့ … အဲဒီ စစ်အာဏာရှင်စနစ်အဓွန့်ရှည်ရေးအတွက် အလုပ်အကျွေးပြုတဲ့သူတွေထက်တော့ အပုံ အနန္တသာပါတယ်။

အဲဒီအနေအထားတွေအားလုံးကို ကျော်လွန်ပြီး ကြည့်လိုက်တော့ လက်ပံတောင်းပြည်သူလူထုနဲ့အတူ ရပ်တည်နေသူတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့အတူ ရပ်တည်သူတွေနဲ့ အစဉ်အလာကြီးတဲ့ ဗ.က.သ အလံကို ဆက်သယ်ဆောင်နေတဲ့ လူငယ်တွေ၊ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေထဲက ရဲရဲရင့်ရင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးလေးစားပြီး လက်တွေ့ကို ၄၃၆ ဖျက်သိမ်းရေး လက်မှတ်ထိုးခဲ့ကြသူတွေ … အဲဒီအင်အားစုတွေဟာ တကယ်တော့ တိုင်းပြည်ကို အကျိုးအမြတ်တခုအတွက် ချစ်ပြနေတဲ့သူတွေ မဟုတ်ဘူး။ ရလိုမှုတခုအတွက် လုပ်ကိုင်ဆောင်ရွက်နေတာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းစားစေချင်တဲ့သူတွေ နောင်လာနောက်သားတွေ လူတန်းစေ့စေချင်တဲ့ မေတ္တာရှင်တွေအဖြစ် လေးစားစရာလူတွေ ရှိနေသေးတဲ့အတွက် တိုင်းပြည်ကောင်းစားရေး၊ နိုင်ငံသားတိုင်း သိက္ခာရှိတဲ့ဘ၀တွေနဲ့ ကိုယ့်တိုင်းပြည်မှာကိုယ် အေးအေးချမ်းချမ်း နေနိုင်ရေးဆိုတဲ့ မျှော်လင့်ချက်တွေ ကျန်ပါသေးလား ဆိုပြီး သက်ပြင်းချနိုင်ရပါတယ်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

No comments: