Sunday, May 15, 2016

The Global New Light of Myanmar ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာ ၃ စောင်လုံးကို ပုဂ္ဂလိကလက်ထဲ ကန်ထရိုက်စနစ်နဲ့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးလိုက်ရင် ပိုကောင်းမယ်

ဒေါက်တာလွဏ်းဆွေ

အရင့်အရင်က သတင်းစာ ပုံမှန်ဖတ်လေ့မရှိတဲ့ ကျနော် ... သင်္ကြန်ပြီးနောက်ပိုင်း မနက်ဆိုရင် ကြေးမုံနဲ့ မြန်မာ့အလင်းကို ခပ်မြန်မြန် ခပ်သွက်သွက်လေး ပုံမှန်ဖတ်ကြည့်မိတယ်။ အင်္ဂလိပ်လို ထုတ်ဝေတဲ့ The Global New Light of Myanmar ကိုတော့ ဟိုနည်းနည်း ဒီနည်းနည်းလောက်ပေါ့။

ဘာရယ်မဟုတ်၊ စာရေးဆရာ ဒေါက်တာဖေမြင့် ပြန်ကြားရေးဝန်ကြီး လုပ်ပြီးနောက်ပိုင်း အရင်ကနဲ့မတူ တမူထူးခြားတာတွေ ဘာများ တွေ့ရ ဖတ်ရမလဲ ဆိုတဲ့ စူးစမ်းမှုနဲ့ပေါ့။

သင်္ကြန်မတိုင်ခင်မှာ သဲ့သဲ့ကြားမိထားတာတွေလည်း ရှိပေတာကိုး။

''ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ သတင်းစာမှာ ၀င်ရေးနေကြပြီ''

''ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ကဗျာလည်း သတင်းစာမှာ ဖတ်ရတယ်''

''ဆရာဖေမြင့် ကိုင်တာမို့ နာမည်ကြီး စာရေးဆရာတွေ တော်တော်မျာများ ၀င်ရေးနေကြပြီ'' ... စသဖြင့်ပေါ့။

ကိုယ်တိုင် ဖတ်ကြည့်တဲ့ အချိန်မှာတော့ 'ကြေးမုံနဲ့ မြန်မာ့အလင်း' စာလုံးဒီဇိုင်းနဲ့ ကာလာတွေ ပြောင်းထားတာ တွေ့တယ်။

မျက်နှာဖုံးစာမျက်နှာရဲ့ ညာဘက်ထိပ်ထောင့်မှာ ဗုဒ္ဓဘာသာ အဆိုအမိန့်တွေ၊ တရားတော်တွေ၊ ဓမ္မပဒ ကောက်နှုတ်ချက်တွေ ဖြုတ်ထားရာကနေ ဗုဒ္ဓဘာသာဝင်တွေ ပူညံပူညံ လုပ်လို့ဆိုလား (တာဝန်ရှိသူတွေ စိုးရိမ်လို့ထင်ပါရဲ့) ပြန်ထည့်လာတာ တွေ့တယ်။

အယ်ဒီတာ့အာဘော်တွေ အရင်ကထက် နည်းနည်းပိုရေးရဲလာတာ၊ လူထုခံစားချက်နဲ့ နည်းနည်းပိုနီးစပ်လာတာ ဖတ်ရတယ်။

သဘာဝဘေးအန္တရာယ်သတင်းတွေ၊ ကူညီကယ်ဆယ် ပြန်လည်နေရာချထားရေးသတင်းတွေ၊ လျှပ်စစ်မီးနဲ့ပတ်သက်တဲ့သတင်းတွေ၊ မှုခင်းသတင်းတွေ အဖတ်ရများလာတယ်။

အရင်စစ်အစိုးရတွေခေတ်တုန်းကလို ခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွေ မြန်ပြည်တခွင် လျှောက်ပတ်စားသောက်၊ လိုအပ်သည်များ မှာစား ဆိုတဲ့ အဖိနှိပ်ခံပြည်သူတွေအတွက် မျက်စိနောက်စရာ သတင်းနဲ့သတင်းဓာတ်ပုံတွေ မတွေ့ရသလောက် နည်းသွားတယ် (အခုရက်ပိုင်းမှာတော့ အစိုးရပိုင်း၊ လွှတ်တော်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို အရင်စစ်အစိုးရခေတ်တွေကလို အတွေ့ရပြန်များလာတယ်)။

ဖတ်ချင်စိတ်ဖြစ်မိတဲ့ ဆောင်းပါးနဲ့ အင်တာဗျူးတွေ တစ်ပုဒ်စ၊ နှစ်ပုစ်စ တွေ့ရတယ်။ အခုရက်ပိုင်းမှာတော့ နာမည်ရ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေရဲ့ စာ၊ ကဗျာ၊ လက်ရာတွေ အတွေ့ရနည်းလာသလိုပဲ (မောင်စွမ်းရည်၊ မောင်ခင်မင်-ဓနုဖြူ ၊ မောင်လွင်ပြင်၊ ဆူဒိုနင်လောက်ပဲ တွေ့ရတယ်)။ မပို့ကြတော့တာပဲလား၊ ပို့ရက်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အယ်ဒီတာတွေက မထည့်ရဲလို့ အတွေ့ရနည်းလာတာလား မသိ၊ မသိ၊ မသိ။

ခြုံပြောရရင် ကြော်ငြာကဏ္ဍအပါ စာမျက်နှာ ၃၂ မျက်နှာ (တချို့နေ့တွေ စာမျက်နှာ ၄၀) လောက်မှာ ကိုယ်စိတ်လိုလက်ရ ဖတ်ချင်မိတဲ့ စာမျက်နှာက လက်ငါးချောင်း မပြည့်တပြည့်ရယ် ...။

အကြံပြုချင်တာကတော့ အရင်စစ်အစိုးရခေတ်တွေနဲ့ သိပ်ထူးမခြားနားတာမို့ ဖြစ်နိုင်ရင် The Global New Light of Myanmar ၊ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာ ၃ စောင်လုံးကို (၀န်ထမ်းတွေ အပါ) ပုဂ္ဂလိကလက်ထဲ ကန်ထရိုက်စနစ်နဲ့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးလိုက်ရင် ပိုကောင်းမယ်လို့ ယူဆမိတယ်။

ဒါမှလည်း အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပိုပြီးစောင့်ကြည့်ထိန်းကျောင်း တည့်မတ်ပေးမယ့် သတင်းစာအရေအတွက် ပိုများလာပြီး လူထုအတွက်လည်း စိတ်ဝင်တစား ဖတ်ရှုချင်စရာတွေ ပိုပြီး ဝေေ၀ဆာဆာဖြစ်လာမယ်လို့ အကျဉ်းချုပ် သုံးသပ်အကြံပြုလိုက်ရပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၉း၃၅ နာရီ
၁၅ မေ ၂၀၁၆

ဖြည့်စွက်ချက် ။ ။ ၀န်ထမ်းကိစ္စတွေ ပြေလည်အောင် ဆောင်ရွက်ပေးပြီး လုံးဝ ရပ်ဆိုင်းလိုက်ရင်တော့ အကောင်းဆုံးနဲ့ အရှင်းဆုံးပေါ့။

No comments: