Friday, July 29, 2016

လူကြီးကိုယ် ကလေးစိတ်နဲ့ နိုင်ငံကို ဦးမဆောင်ကြစေလို ...

ကျနော်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက်က တင်တဲ့ ပို့စ်တွေ၊ စာစောင်စာတမ်းတွေကို ကြုံရင်ကြုံသလို ဖတ်ရှုဖြစ်ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးသူ မဟုတ်သလို ဆန့်ကျင်ကန့်ကွက်သူလည်း မဟုတ်ပါ။

ဗမာပြည်ကွန်မြူနစ်ပါတီ ရွေးကောက်ပွဲမှာ မဲပုံးထောင်ရင်လည်း မဲပေးချင်မှပေးမယ့်သူပါ။

သို့ပါသော်ငြား ဗမာပြည်မှာ သက်တမ်းအရင့်ဆုံး နိုင်ငံရေးပါတီကြီးဖြစ်တဲ့၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပထမဆုံး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရှင်သန်နေဆဲ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်ရှိတာဝန်ယူထားတဲ့ ခေါင်းဆောင်တွေကို အားလုံးပါဝင်ဆွေးနွေးရေးလို့ ပြောဆိုနေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားစေချင်သူပါ။

ဒီကနေ့ နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားတဲ့ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေကို နိုင်ငံ့အကျိုးအတွက် အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြောင်း၊ စေတနာမှန်ကြောင်း ပြစေချင်တာပါ။

ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေ ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးဖြစ်ရင် တိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ အကြံဉာဏ်ကောင်းတွေ ရနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ အမြင်ကျဉ်းမြောင်းစွာနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ကန့်သတ်ပိတ်ပင်ထားမယ်ဆိုရင် 'အားလုံးပါဝင်ဆွေးနွေးရေး' ဆိုတာကို ရယ်စရာအဖြစ် ရှုမြင်ကြမှာဖြစ်သလို ဒီကနေ့ အာဏာရအသိုင်းအ၀ိုင်းက ခေါင်းဆောင်တွေကိုလည်း လူကြီးကိုယ် ကလေးစိတ်နဲ့ နိုင်ငံကို ဦးဆောင်နေသူတွေလို့ပဲ ကောက်ချက်ချရပါလိမ့်မယ်။

ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ (ရှင်သန်ခွင့်မပေးတဲ့) လူ့အဖွဲ့အစည်းဟာ ရှေ့ကို ခပ်မြန်မြန်ရွေ့ဖို့လည်း ခက်ခဲလိမ့်မယ်လို့ ထင်မြင်မိကြောင်းပါ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နေ့လည် ၁း၂၅ နာရီ
၂၉ ဇူလိုင် ၂၀၁၆

No comments: