Saturday, August 12, 2017

''နည်းနည်းကြီးတော့ လွဲနေတယ် xxx လွဲလွဲကြီးက ဆိုးပါတယ်''

ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးအခြေအနေ ပိုပိုဆိုးလာ၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အနေအထားတွေ ပိုမိုထိခိုက်ကျဆင်းလာ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုပမ်းလုပ်ဆောင်နေတယ်ဆိုသော်ငြား တိုက်ပွဲတွေက ပိုပိုတိုးလာ ... ထိုးစစ်တွေက ပိုမိုပြင်းထန်လာ၊ ပြည်တွင်းငြိမ်းချမ်းရေး အလှမ်းဝေးလာတာနဲ့အမျှ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအခြေအနေ ပိုမိုမှေးမှိန်လာနေတာတွေ တွေ့နေရပါတယ်။

အဲသလို အခြေအနေဆိုးတွေ ဖြစ်တည်နေသော်ငြား ဟိုပွဲ ဒီပွဲ မနေ့က စတင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းအရေးအတွက် ဆွေးနွေးပွဲလိုမျိုးတွေမှာ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကို နားထောင်လိုက်ရင် ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားတဲ့နေရာမှာ နည်းမှန်လမ်းမှန်ဖြစ်ဖို့လိုကြောင်း အမြဲလိုလို ပြောဆိုပြီး သူ ဦးဆောင်လျှောက်လှမ်းနေတဲ့ ၂၀၀၈ ခြေ/ဥအောက် ခေါင်းငုံ့ဝင်ပြီး ရင်ကြားစေ့နေတဲ့လမ်းကြောင်းကသာ လမ်းကြောင်းမှန်လိုလို အခြားသူတွေ အကြံပြုတာတွေက လမ်းကြောင်းအမှားတွေလိုလို ပြောဆိုတာမျိုး အမြဲတစေ ကြားနေရပါတယ်။

''နည်းနည်းကြီးတော့ လွဲနေတယ် xxx လွဲလွဲကြီးက ဆိုးပါတယ်'' လို့ ထူးအိမ်သင်သီချင်းကို စာသားပြောင်းဆိုရမလိုပါပဲ။

ကုန်ဈေးနှုန်း မိုးထိအောင် လှေကားထောင်နေတာတွေ၊ အောက်ခြေလူထုဘ၀ ပိုမိုဆိုးဝါးနိမ့်ကျလာနေတာတွေ၊ အခြားသော ပြည်သူ့နစ်နာမှုအရေးကိစ္စတွေ အသာထားဦး ...၊ အပေါ်ဆုံးမှာ တင်ပြခဲ့တဲ့ အခြေအနေဆိုးတွေ ဖြစ်တည်နေတဲ့အပေါ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ်သွားနေတဲ့လမ်းကြောင်း ဘာမှားနေလဲဆိုတာကို သိနိုင်မယ့် မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်ဆန်းစစ်အဖြေရှာကြည့်ခြင်းမျိုး အလျင်အမြန် လုပ်ဆောင်ဖို့ လိုနေပြီလို့ ထင်မြင်ယူဆမိပါကြောင်း ...။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နံနက် ၉း၄၄ နာရီ
၁၂ သြဂုတ် ၂၀၁၇
Photo - VOA

No comments: